မုံရွာ မေ ၁၆
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ခွဲ အချိန်က မုံရွာမြို့ ဗိုလ်ချုပ်လမ်း၊ ကန်သာယာအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ကျောင်းအပ်နှံရေး သီတင်းပတ် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးအတွင်း အခြေခံ ပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများအား မေလ ၂၃ ရက်နေ့မှမေလ ၃၁ ရက်နေ့ အထိ ကျောင်းအပ်နှံရေး လုပ်ငန်းများ လက်ခံဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေး ကာလအတွင်း အတန်းအားလုံး ကျောင်းအပ်နှံကြရန်နှင့် ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူခွင့်ရရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများ ရရှိပြီး ကျောင်းတက်နှုန်း မြင့်မားလာစေရန်၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ အလားတူ ကျောင်းအပ်နှံရာတွင် ကျောင်းသားအားလုံး တို့အား မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိပဲ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ စာရေး ကိရိယာများ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများလည်း အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းနှင့် ခရိုင် မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ ၊မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မုံရွာမြို့ အခြေခံပညာကျောင်းများမှ လူရည်ချွန် မောင်မယ်လေးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)