ပေါက်ခေါင်း မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့က လေပြင်းများတိုက်ခတ်မှုကြောင့် ရပ်ကွက်၊ ကျေးရွာများအတွင်း သစ်ပင်များလဲကျခြင်း၊ စာသင်ကျောင်းနှင့်လူနေအိမ်များ အမိုးလန်ပြိုလဲခြင်းများဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့များက ယမန်နေ့ကလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပူးပေါင်းအဖွဲ့များက အပျက်အစီးများကို ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်းအဖွဲ့များက လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပြီး မျက်နှာကျက်ပြိုကျပျက်စီးခဲ့သည့် တာကောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်ကာ အပျက်အစီးများအား ဘေးလွတ်ရာသို့ဖယ်ရှားရှင်းလင်းပေးခြင်း၊ ရပ်ကွက်ကျေးရွာအတွင်းရှိ အမိုးလန်နေအိမ်များမှ ပြန်လည်ပြုပြင်ရာတွင် ကူညီဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်-ပြန်/ဆက်