ကျောင်းကုန်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ချောင်ကြီးအုပ်စု ချောင်ကြီးတိုက်နယ် ဆေးရုံတွင် ကိုဗစ် -၁၉ အတည်ပြုလူနာ ရောဂါလက္ခဏာမပြသူများအား တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီထားရှိရန် ယမန်နေ့ ညနေ ၄ နာရီအချိန်က သွားရောက်ပြင်ဆင် ထားရှိကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေနှင့် အဖွဲ့ဝင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်တို့က ချောင်ကြီး တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ရောဂါလက္ခဏာမပြသူများထားရှိရန် အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း၊ ထိုလူနာများ အတွက် ခြင်ထောင်၊ ခေါင်းအုံး၊ စောင်၊ အခင်းနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများ အဆင်သင့် စီစဉ်ထားပေးကြောင်း၊ စားရေးသောက်ရေး၊ လုံခြုံရေး စီမံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း ကပြောကြားခဲ့သည်။
ကျောင်းကုန်းမြို့နယ်တွင် ယခင် (+)p လူနာ(၁၃) ဦးမှာ ပုသိမ်မြို့ကုတင်(၅၀၀) ဆေးရုံတွင်(၆)ဦးနှင့် ချောင်ကြီးတိုက်နယ်ဆေးရုံတွင်(၇)ဦးထားရှိခဲ့ပြီး ယခုအခါ (၁၃)ဦးစလုံး ဆေးရုံမှဆင်းခွင့်ရရှိကြပြီ ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်ထံမှ သိရှိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)