လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စုများအားထောက်ပံ့

လေးမျက်နှာ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင် စုများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူးရုံး တာဝန်ရှိသူများနှင့် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ချင်းကုန်းကျေးရွာအုပ်စု၊ သဲနုကုန်းကျေးရွာအုပ်စု၊ သုံးဆက်ကျေးရွာအုပ်စု၊ ခမောက်စုကျေးရွာအုပ်စု၊ လှည်းထောက်ကွင်းကျေးရွာအုပ်စု၊ ဘဲ့ပြားကုန်းကျေးရွာအုပ်စု၊ ကြိုးကြာကွင်းကျေးရွာအုပ်စု၊ ခတ္တူကျေးရွာအုပ်စုနှင့် လဟာကြီးကျေးရွာအုပ်စုတို့ရှိ ကျေးရွာများ တွင် မေလ ၁၄ ရက်နေ့နှင့် မေလ ၁၅ ရက်နေ့များ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စု (၁၁) စုမှ အိမ်ပြို (၅) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ၆၀၀၀၀၀ ကျပ်၊ အမိုးလန် (၆) လုံးအတွက် ၂၁၀၀၀၀ ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုး ၉၀၃၀၀ ကျပ် စုစုပေါင်းထောက်ပံ့ငွေ ၉၀၀၃၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိူးပါဝင်သော ပစ္စည်း (၅) စုံတို့အား လေပြင်းဘေးသင့် အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ငဝန်မြစ်ကမ်းဘေးတွင်ရှိသောကြောင့် နှစ်စဉ်သဘာဝဘေးအန္တရာယ်များ ကျရောက်လျက်ရှိပြီး ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်အတွင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးများကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ကျော်ဟိန်း