ဆိပ်ဖြူမြို့နယ်ရှိ ဆည်တမံများ မိုးရွာသွန်မှုများခြင်းကြောင့် ရေပိုလွှဲမှ ရေကျော် လျက်ရှိ

ဆိပ်ဖြူ မေ ၁၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မှ ဆည်တမံများ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ဆည်များအတွင်းသို့ ရေဝင်ရောက်မှုများကာ ရေပိုလွှဲမှ ရေကျော်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ခြင်းကြောင့် မေလ ၁၃ ရက်နေ့မှ ယမန်နေ့အထိ မိုးများသည်းထန်စွာ ရွာသွန်းခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ မိုးရေချိန်တိုင်းထွာရရှိချက်များအရ မေလ ၁၃ ရက်နေ့တွင် မိုးရေချိန် ၁ ဒဿမ ၅၆ လက်မ၊ မေလ ၁၄ ရက်နေ့တွင် ၅ ဒဿမ  ၀၁ လက်မနှင့် ယမန်နေ့၌ ၈ ဒဿမ ၆၈ လက်မအထိ မိုးရွာသွန်းခဲ့ပြီး ၎င်းမိုးရွာသွန်းခြင်းကြောင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် ဆည်တမံ(၃)ခု၌ ရေပိုလွှဲမှ ရေကျော်ခဲ့သည်။

မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆိပ်ဖြူမြို့နယ်၌ ဆည်တမံ(၉)ခု တာဝန်ယူထိန်းသိမ်း၍ စိုက်ပျိုးရေများကို ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိအချိန်တွင်  ကော်တုံကျေးရွာရှိ ဝန်ချောင်းတမံ၊ ကဇွန်းမကျေးရွာရှိ ဝန်ယူတမံ၊ လက်ဆည်ကျေးရွာရှိ ဝန်လိုတမံတို့၌ မေလ ၁၄ ရက်နေ့တွင်ဝန်ချောင်းတမံ ရေပိုလွှဲက ၄ ဒဿမ ၅ ပေ၊ ဝန်ယူ တမံ ရေပိုလွှဲက ၇ ဒဿမ ၅ ပေနှင့် ဝန်လိုတမံ ရေပိုလွှဲက ၃ ဒဿမ ၅ ပေအထိကျော်လွန်ခဲ့ကြောင်း၊ ယမန်နေ့နံနက် တိုင်းတာချက်အရ  ဝန်ချောင်းတမံ ရေပိုလွှဲက ၁ပေ ခန့်၊ ဝန်လိုတမံ ရေပိုလွှဲက သုည ဒဿမ ၃ပေ ဆက်လက်ကျော်လွန်နေသေးကြောင်း၊ ကဇွန်းမကျေးရွာရှိ ဝန်ယူတမံရေပိုလွှဲက ယမန်နေ့ နံနက်ပိုင်းမှစ၍ ရေပိုလွှဲမှ ရေကျော်မှု ရပ်တန့်သွားကြောင်း၊ ရေပိုလွှဲမှ‌ ရေကျာ်နေသည့်အချိန်၌ ဒေသခံများ၊ ပြည်သူများ သိရှိနိုင်စေရန် အမှတ်အသားများ သင်္ကေတအလံများ လွှင့်ထူထားရှိပြီး မြို့နယ်ဆည်မြောင်းဦးစီးအရာရှိနှင့် ဆည်တမံတာဝန်ခံ ဝန်ထမ်းများက ဆည်တမံတာ‌‌ဘောင်ကြံ့ခိုင်မှုများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးရွာသွန်းမှုများပြီး ဒေသခံပြည်သူများ စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံ နွေနေကြာ (၈) ဧက၊ နွေနှမ်း (၇၀) ဧကတို့ထိခိုက်ပျက်စီးမှုရှိ‌ကြောင်း သိရသည်။ အလားတူဆိပ်ဖြူ - ဆော -ကန်ပက်လက် သွားကားလမ်း မကျီးကုန်းကျေးရွာနှင့် ရွာသာအေးကျေးရွာကြားရှိ မြို့အိုချောင်းနှင့် ချစ်ချောင်းရေတိုက်စားခြင်းကြောင့် စိုက်ပျိုးမြေအချို့ ပျက်စီးခြင်းနှင့် ဆိပ်ဖြူ - ဆော -ကန်ပက်လက်သွား ကတ္တရာကားလမ်း ချောင်းရေတိုက်စားသွားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ပြောကြား၍ သိရှိရပြီး အဆိုပါနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုး၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ ကွင်းဆင်း၍ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။                           

ကိုဇွဲ(အညာမြေ)