လိပ်သို မေ ၁၆
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ လူငယ် လူရွယ်များ အသိပညာဗဟုသုတရရှိရေး အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဟောပြောပွဲနှင့် နံရံကပ်ဘုတ်ပြသခြင်းတို့က ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ပူပြင်းသောနွေရာသီတွင် အရိပ်ရ၍ အေးမြသောနေရာများတွင်သာ နေထိုင်ကြရန်၊ နေ့ခင်းနေ့လယ် အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းသွားလာကြရန်နှင့် ရေများများသောက်ပေးကြရန် စသည့်ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လည်းကောင်း၊ ရှောင်ကြဉ်ရန်အချက်များဖြစ် သည့် နေပူထဲမှပြန်လာပြီး ချက်ချင်း ရေချိုးခြင်း၊ ပူပြင်းသည့်နေရောင်အောက်တွင် အလုပ်လုပ် ခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်း စသည်တို့အား နံနက်ပိုင်းအချိန်များနှင့် ညနေအချိန်များတွင်သာပြုလုပ်ရန်လိုအပ်ကြောင်းစသည်ဖြင့် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျောင်းသားလူငယ်အရွယ် ကလေးငယ်များအား ဟောပြောပြီး နံရံကပ်ဘုတ်များကို အသိပညာဗဟုသုတရရှိရေး ပြသဆောင်ရွက်ခဲ့သည်။
ထို့နောက် ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းလျခြင်းလက္ခဏာများ၊ အပူဒဏ်အန္တရာယ်ခံစားရသော လူနာအား အရေးပေါ် ရှေးဦးပြုစု ရမည့်နည်းလမ်းများနှင့် အပူဒဏ်အန္တရာယ်မှရှောင်ရန်၊ ဆောင်ရန် အချက်များပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား လူငယ်ကလေးငယ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရ သည်။
ခင်လေးနွယ် (လိပ်သို)