ဖား​ဆောင်းမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေး ​တောင်သူအသိပညာ​​ပေးဆွေး​နွေးပွဲပြုလုပ်

ဖား​ဆောင်း ​မေ ၁၆

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဖား​ဆောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေး​ တောင်သူအသိပညာ​ပေး​ဆွေး​နွေးပွဲကို ယမန်နေ့က​မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်​​ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာမြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင့်ဦးက မိုးရာသီကျရောက်လာတော့မည်ဖြစ်သည့်အတွက် ဝင်​ငွေတိုးပွား​စေရန်ဖြစ်ထွန်းမည့် သီးနှံများအား​အောင်မြင်ဖြစ်ထွန်း​အောင် ​စိုက်ပျိုးဆောင်ရွက်ကြ​စေလို​ကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့်အခက်အခဲများရှိပါက တင်ပြကြ​စေလို​ကြောင်း၊ စိုက်ပျိုးရေးဦးစား​ပေး​ဆောင်ရွက်ခြင်း​ကြောင့် မိမိတို့မြို့နယ်အတွင်းစား​သောက်ကုန်များ​စျေးနှုန်းချိုသာစွာဖြင့် ​ရောင်းဝယ်နိင်​ကြောင်းတို့ကိုလည်း​​​ကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦး​ဇော်မင်းထွန်းက ​တောင်သူများစိုက်ပျိုး​ရေးနှင့်ပတ်သက်၍​ မြေသြဇာများနှင့် လိုအပ်သည်များ ကူညီ​ဆောင်ရွက်​ပေးမည်ဖြစ်​ကြောင်း​ပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးဌာနမှ စိုက်ပျိုး​မြေအတွက်​ မြေအ​ထောက်အထားပုံစံ-၇ များ​လျောက်ထားပြီး စိုက်ပျိုးစရိတ်​ချေး​ငွေများထုတ်ယူ၍ စိုက်ပျိုး​ရေးလုပ်ငန်းများ​ဆောင်ရွက်နိုင်ကြောင်း အသီးသီး​ဆွေး​နွေး​ပြောကြားခဲ့သည်။

ထို့​​နောက် တက်​​ရောက်လာကြသည့်​တောင်သူများက သိရှိလိုသည်များကို​ မေးမြန်း​ဆွေးနွေးကြရာမြို့နယ်အုပ်ချုပ်​ရေးမှူးနှင့်တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် အဆိုပါ​ဆွေး​နွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးမှူးနှင့် တာဝန်ရှိသူများနှင့်​တောင်သူ ၅၀ ဦးတက်​ရောက်ခဲ့ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)​