ရှမ်းရွာသစ်မြို့တွင် ပေါ်ဦးပေါ်ဖျား ရာသီစာကောက်ကောက်ညွှန့်များ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ရှမ်းရွာသစ်  မေ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အနီးရှိ တောတောင်များတွင် သဘာဝအလျှောက် ပေါက်ရောက်သော ရာသီစာ ကောက်ကောက်ညွှန့်များ ပေါ်ဦးပေါ်ဖျား ပေါ်ချိန် ဖြစ်၍ ဈေးကောင်းလည်း ရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကောက်ကောက်ညွှန့်ပင်များသည် တောတောင်များ၌ သဘာဝအလျှောက် ပေါက်ရောက်ပြီး ဧပြီလတွင် တောင်ယာများ မီးရှို့ပြီး မိုးများ အနည်းငယ်ရွာသွန်းမှသာ လှိုင်လှိုင် ထွက်ရှိကြောင်း၊ ကောက်ကောက်ညွှန့်ပင်များကို ဒေသတွင်း ပြည်သူများ နှစ်ခြိုက်စွာ  စားသုံးသောကြောင့် ယခုလိုအချိန်ရောက်လျှင် ဒေသနေပြည်သူအများစုသည် မိမိတို့ ကျေးရွာအနီးရှိ တောတောင်များတွင် လိုက်လံခူးဆွတ်ရောင်းချကြောင်း၊ ယခုနှစ်တွင် ကောက်ကောက်ညွှန့် တစ်စည်း(၅၀၀)ကျပ်ဖြင့် ရောင်းချ၍ တစ်နေ့လျှင် ငွေကျပ် (၆၀၀၀) ခန့်ထိ ရရှိသဖြင့် အပိုဝင်ငွေ ရရှိကာ  အဆင်ပြေလျက်ရှိကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရှမ်းရွာသစ်မြို့တွင် ပေါ်ဦးပေါ်ဖျား ကောက်ကောက်ညွှန့်ပင်များသည် ဒေသနေပြည်သူအများ နှစ်ခြိုက်စွာစားကြသည့် ရာသီပေါ် ဟင်းရွက်တစ်မျိုးဖြစ်ကြောင်း၊ ထမင်းလည်း မြိန်ကာ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ ဆေးဖက်လည်းဝင်ပြီး လူကြိုက်များသည့် မီးဖိုချောင်သုံးသီးနှံဖြစ်ကာ ဈေးကောင်းလည်းရရှိသဖြင့် ခူးဆွတ်ရောင်းချ သူများ ယခင်နှစ်ထက် ပိုများလာကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)