ဆင်ပေါင်ဝဲ မေ ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၃)အုပ်စု၊ ကျေးရွာ (၃) ရွာတို့တွင် ဓမ္မာရုံ (၁) ရုံ၊ ဝန်ထမ်းအိမ်ယာ (၁) လုံး၊ ဘုရားသုံးဆူစေတီတော်များ ပြုတ်ကြခဲ့ပြီး လူနေအိမ် (၁၈) လုံးတို့မှာ အမိုးလန်ပျက်စီးခဲ့သည့် အတွက် လေဘေးသင့်အိမ်ထောင်စုများ၏ ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို ယမန်နေ့နံနက် ၁၂ နာရီခွဲအချိန်က ကျေးရွာများအရောက် ပေးအပ်ထောက်ပံ့ ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့တို့က ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ လေဘေးသင့် အိမ်ထောင်စု(၁၈)စုနှင့် ဓမ္မာရုံ(၁)ရုံအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် အိမ်ထောင်စု (၁၈) စုအတွက် ထောက်ပံ့ငွေ (၇၀၉၃၀၀/-) ကျပ်တို့အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ အမှတ်(၈)ကာကွယ်ရေး ပစ္စည်းစက်ရုံမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် များနှင့် ကျေးရွာသားတို့က ကန်ပေါက်ကျေးရွာ ရှိပြိုလဲကျိုးပျက်စီးနေသည့် သစ်ပင်သစ်ကိုင်းများ၊ ခေါင်မိုးအလန်အပျက်အစီးများအား စုပေါင်းရှင်းလင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)