ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် မြောက်ဦးမြို့တွင် ပျက်စီးပိတ်ဆို့နေမှုများ ဖယ်ရှားရှင်းလင်း

မြောက်ဦး  မေ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန် တိုင်း(မိုခါ) တိုက်ခိုက်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ၊ ဓာတ်တိုင်များ ကျိုးကျပျက်စီးရာမှ လမ်းပိတ်ဆို့မှုများမဖြစ်စေရန်အတွက် ဖယ်ရှားရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၈ နာရီက တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရပ်ကွက်များနှင့် ကျေးရွာများရှိ နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်၊ သစ်ကိုင်းများနှင့် ဓာတ်တိုင်များ ကျိုးကျမှုကြောင့် လမ်းပိတ်ဆို့မှုများ မဖြစ်စေရေးအတွက် နယ်မြေခံတပ်မမှူး၊ ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် သက်ဆိုင်ရာဌာနများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့က ဖယ်ရှားရှင်းလင်းခဲ့ကြပြီး လဲကျနေသည့် ဓာတ်မီးတိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြောက်ဦးမြို့ပေါ်ရှိ ညောင်ပင်ဈေးရပ်ကွက်၊ အောင်တပ်ရပ်ကွက်(၂) ခုနှင့် ကျီရာပြင်ကျေးရွာ၊ နတ်ချောင်းကျေးရွာ၊ ပုဇွန်ဖေကျေးရွာ အစရှိသော ကျေးရွာပေါင်း (၂၇) ရွာ၊ အုပ်စု (၁၂)စုတို့မှ လုံးဝပျက်စီးသွားသည့်နေအိမ် (၈၃၄) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် နေအိမ် (၂၁၇၆)၊ စာသင်ကျောင်း(၂၇) ကျောင်း၊ ဘုန်းကြီးကျောင်း(၂၈) ကျောင်း၊ ဆေး ခန်း (၄) ခန်းရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြင့်စိုး(ပြန်/ဆက်)