ကေ့ာကရိတ် မေ ၁၅
မျိုးဆက်သစ်လူငယ်လူရွယ်များ လိမ္မာယဥ်ကျေးမှုရှိစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကေ့ာကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက ဘာသာတရားတိုင်းသည် လူတွေရဲ့ စိတ်ကိုနူးညံ့သိမ်မွေ့စေတာဖြစ်ကြောင်း၊ ယဥ်ကျေးမှု၊ ဘာသာစကား၊ ဝတ်စားဆင်ယင်မှုတို့သည် ဘာသာ တရားပေါ်အခြေခံသည်ဖြစ်ကြောင်း၊ ယဥ်ကျေးလိမ္မာ၍ နိုင်ငံသားကောင်းများဖြစ်လာစေရန် ကြိုးစားသင်ယူကြားရေး စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထိုနောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းမှ ဆရာမများက ဗုဒ္ဓဘာသာ၏ အခြေခံသိရှိထား သင့်သည့် အချက်များ၊ ၃၈ဖြာမင်္ဂလာတရားတော်နှင့်အညီ ပြုမူနေထိုင်နည်းများ စသည့်သင်ကြားရမည့် သင်ခန်းစာများကို ဆက်လက်သင်ကြားခဲ့ကြသည်။ ယင်းသင်တန်းသို့ သင်တန်းသူသင်တန်းသား (၄၅)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ မေလ၁၅ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ ( ၅)ရက်တာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက် ကြသည့် သင်တန်းသားများအတွက် စာအုပ်၊ ခဲတံ၊ ဘောပင်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး အာဟာရမုန့်နှင့်အချိုရည်များကို သက်ဆိုင်ရာမှ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)