ငွေဆောင် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် (နောက်ဆုံး အကြိမ်)အဖြစ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ပေးထားကြောင်း သိရသည်။
ထိုသို့ ကပ်ထားကြော်ငြာခြင်းသည် ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်ဖြစ်ပြီး အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကပ်ထားကြေညာ ပေးထားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ-၃ ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများ ဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ-၄ ဖြင့် ကန့်ကွက် ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ငွေဆောင်မြို့၌ မဲရုံပေါင်း(၂၃)ရုံ သတ်မှတ်ထားရှိပြီး မဲဆန္ဒရှင်ဦးရေ(၂၅၃၈၀) ဦးရှိကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)