လေးမျက်နှာမြို့နယ်တွင် တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

လေးမျက်နှာ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်း၌ တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများ တက်ရောက်သင်ကြားလျက် ရှိသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးကျော်သူက တက်ရောက်လာကြသော သင်တန်းသားများအား သင်တန်းတွင် အကျိုးရှိစွာ သင်ယူလေ့လာကြပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းသို့ ကျေးရွာများမှ စိတ်ပါဝင်စားသူ သင်တန်းသား (၃၀)ဦး တက်ရောက်သင်ကြားရာ သင်တန်းဆရာ ဦးမင်းရွှေမှ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ(၁၅)ရက်နေ့မှ ဇွန်လ(၁၄)ရက်နေ့ အထိ ရက်ပေါင်း(၃၀) ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနဖြင့် ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခါအားလျှော်စွာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)