ဂန့်ဂေါမြို့တွင် မိုခါမုန်တိုင်းကြောင့် ပြိုလဲကျသည့် သစ်ပင်သစ်ကိုင်းများကို မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရှင်းလင်းဆောင်ရွက်

ဂန့်ဂေါ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် သစ်ပင် သစ်ကိုင်းကျိုးကျမှုများဖြစ်ပွားခဲ့ရာ ဂန့်ဂေါမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကူညီရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အလွန်အားကောင်းသော မိုခါမုန်တိုင်း၏အရှိန်ကြောင့် ဂန့်ဂေါမြို့၊ မြို့မဈေးကြီး (D)ရုံပေါ်သို့ ကျိုးကျသည့် မဲဇလီပင်၊ မြို့မတောင်ပိုင်းတွင် နေထိုင်သည့် ဦးဇော်ဝင်းအောင်၏ နေအိမ်အဆောက်အဦပေါ်သို့ လဲကျသည့် မကျည်းပင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး လမ်းမပေါ်သို့ လဲကျသည့် ကုက္ကိုလ်ပင်နှင့် မဲဇလီပင်များ၊ မြို့ပေါ်ရပ်ကွက်ရှိ လမ်းမများပေါ်သို့ လဲကျနေသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ဖယ်ရှားရေးလုပ်ငန်းများကို ခရိုင်မီးသတ် ဦးစီးမှူး ဦးသန်းထက်အောင် ဦးဆောင်သည့် ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ မုန်တိုင်း၏ အရှိန်ကြောင့် သစ်ပင်များပြိုလဲကျမှုတွင် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် ယခုအခါတွင် မိုးသားတိမ်တိုက်များကင်းစင်လာကာ ရာသီဥတုသာယာလျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)