ဇီးကုန်း မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကားပြောကြားပြီး၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စုမြတ်ထွေးက ထောက်ပံ့ပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဇီးကုန်းမြို့နယ်တွင် မေ ၁၄ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့် နေအိမ်(၂၇)လုံးနှင့်ပြိုလဲနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၁၈၀၀၀၀/-)ကျပ်၊ ထောက်ပံ့ရေးပစ္စည်းပုံး တစ်ပုံး၊လေဘေးသင့် အိမ်ထောင်စုများမှ လူဦးရေ(၉၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၉၁၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၇၁၁၀၀/-)ကျပ်ကို ဇီးကုန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စုမြတ်ထွေးတို့က လေဘေးသင့်အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
တင့်ဆွေ(ပြန်/ ဆက်)