ပုသိမ် အောက်တိုဘာ ၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် အဖြစ် ယခုလ ၁ ရက် နေ့မှ ၁၄ ရက်နေ့အထိ (၁၄)ရက်ကြာ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများ၌ ကြေညာကပ်ထား ပေးလျက် ရှိကြောင်း သိရသည်။
ဆန္ဒမဲပေးမည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ(၄)ဖြင့် ကန့် ကွက်ရန်၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို မဲစာရင်းကြေညာ ထားသည့် (၁၄) ရက်အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပုသိမ်ခရိုင်အတွင်း၌ အောက်တိုဘာ ၁ ရက်နေ့စာရင်းအရ အသက် ၁၈ နှစ်ပြည်ပြီး မဲပေးပိုင်ခွင့်ရှိသူ ကျား ၅၇၈၅၂၇ ဦး ၊မ ၆၂၅၇၉၃ ဦး၊စုစုပေါင်း ၁၂၀၄၃၂၀ ရှိပြီး၊ မဲရုံပေါင်း (၁၂၇၁) ရုံထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)