ကျုံပျော် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာနက ဦးဆောင်ကာ မြို့နယ်အတွင်းရှိ တောင်သူများ၏ ကောက်စောစပါး ရိတ်သိမ်းထွက်ရှိမှု အခြေအနေ ကွင်းဆင်းလေ့လာခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် ဝန်ထမ်းများက အောင်ဆန်း ရပ်ကွက်၊ ဗူးပင်အင်းရှိ တောင်သူ ဦးနေစိုး၏ လယ်ယာရိတ်သိမ်းရာသို့ သွားရောက်၍၊ စပါးအထွက်နှုန်း၊ ဈေးနှုန်းနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေတို့ကို ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါတောင်သူ၏ ဆင်းသုခစပါး ရိတ်သိမ်းခြွေလှေ့ရာတွင် တစ်ဧကကို (၈၅)တင်းနှုန်းခန့် ထွက်ရှိ ကြောင်း၊ ရိတ်ခြွေစက် ငှားရမ်းခမှာ တစ်ဧကလျှင် (၄၅၀၀၀)ကျပ်ရှိကြောင်း၊ ယခုနှစ် မိုးစပါးရာသီတွင် နေပူရက်များသောကြောင့် စပါးအထွက်နှုန်းများ ယခင်နှစ်ကထက် ပိုမိုကောင်းမွန်နိုင်ကြောင်း သိရသည်။
နိုင်ငံတော်က ယခုနှစ်အတွက် စပါးတစ်တင်းလျှင် အခြေခံရည်ညွှန်း စပါးဈေး(၅၂၀၀)ကျပ် သတ်မှတ် ထားပြီး၊ ယခုဖြစ်ပေါ် လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကြောင့် သယ်ယူပို့ဆောင်မှုများ အခက်အခဲရှိသဖြင့် ဈေးကွက်အတွင်း ဝယ်ယူမှုများ အားနည်းနေသေးကြောင်း၊ ငွေကြေးတတ်နိုင်သည့် တောင်သူက ရိတ်သိမ်း ပြီးပါက ဈေးကောင်း ရသည်အထိစောင့်၍ ရောင်းနိုင်သော်လည်း၊ ငွေကြေးလိုအပ်သည့် တောင်သူက လက်ရှိ ပေါက်ဈေးများဖြင့်သာ ရောင်းချရနိုင်ဖွယ်ရှိကြောင်း၊ ကျုံပျော်မြို့နယ်မှ ထွက်ရှိသည့် စပါးများကို မြောင်းမြ၊ အိမ်မဲ၊ ကန်ကြီးဒေါင့်၊ ဒါးက စသည့် ဒေသများသို့ပါ တင်ပို့ရောင်းချခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)