ညောင်တုန်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ထွက် (မိုးစပါး) ကောက်စောစပါးများ ရိတ်သိမ်းထွက်ရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ထိုသို့ကြည့်ရှုရာတွင် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများက စကော့တောင် ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအုပ်စု၊ နတ်ပေးကျေးရွာအုပ်စုနှင့် ကျုံတမာကျေးရွာ အုပ်စုတို့ရှိ မိုးစပါး (ကောက်စောစပါး)များ ရိတ်သိမ်းထွက်ရှိမ အခြေအနေ၊ ဈေးနှုန်းနှင့် ဈေးကွက်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြအနေ များအား ကြည့်ရှုလေ့လာခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် မိုးစပါး(ကောက်စောစပါး)သည် စတင်ပေါ်သည့်အချိန်မှာ (အစို)စပါး တင်းတစ်ရာကို ငွေကျပ် ၅ သိန်း ၅ သောင်း ဈေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင် နေရာဒေသ တော်တော် များများမှာ မိုးစပါး (ကောက်စောစပါး) စိုက်ပျိုးလာခြင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံတော်အရန် ရိက္ခာ ဆန်များထုတ်၍ ရောင်းချခြင်းတို့ကြောင့် လက်ရှိပေါက်ဈေးမှာ (အစို)စပါး တင်းတစ်ရာလျှင် ၅ သိန်း ဈေးနှုန်းရှိကြောင်းကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်လွင်မှ သိရသည်။
ဝဠာနိုင် (ညောင်တုန်း)