လွိုင်ကော် အောက်တိုဘာ ၆
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ၊ ဆေးတိုက် ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တော ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ကလေးငယ်များအတွက် ပုံမှန် ကာကွယ် ဆေးထိုး ၊ ဆေးတိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအား အသက်အရွယ်အလိုက်လစဉ် ဘီစီဂျီ ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာ ကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗီ) ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော(ရိုတာ) ၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေ ရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ခြင်းများ ကိုလည်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုး ၊ ဆေးတိုက်တိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရန် နှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း နာနတ်တော ရပ်ကွက် ကျေးလက်ကျန်းမာရေးဌာန (ခွဲ) သားဖွားဆရာမ ဒေါ်ကက်သရင်း ဝီးဝီ ထံမှသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)