မြန်အောင် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ညနေက လူနေအိမ်(၃)လုံးပြိုကျပျက်စီးခဲ့သော အိမ်ထောင်စုများအား ဆန်နှင့်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် မြန်အောင်မြို့နယ် ကြက်သွန်ခင်း ကျေးရွာအုပ်စု၊ ဘုရားကြီးကျွန်းကျေးရွာနေ ဦးရဲဝင်းထိုက်၏နေအိမ်၊ အင်ပင်မြို့ အမှတ်(၂)ရပ်ကွက် ရွာသစ်စုနေ ဦးကုလား၏နေအိမ်၊ ဇလုပ်ကြီးကျေးရွာအုပ်စု ဇလုပ်ကြီးရွာနေ ဒေါ်စန်းကြည်၏ နေအိမ်တို့ ပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် သဘာဝဘေးခံစားရသည့် လူဦးရေစုစုပေါင်း (၁၂) ဦးအတွက် အင်ပင်မြို့အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များက ဆန်၊ ဆီနှင့်ရိက္ခာပစ္စည်းများ ထောက်ပံ့အပ်ခဲ့ပြီး မိသားစုနေအိမ်များသို့ ပြောင်းရွှေ့ပေးခြင်း၊ နေအိမ်ပျက်စီးမှုများအား ရှင်းလင်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)