ကံမ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ဝင်ထွက်သွားလာကြမည့် ယာဉ်မောင်း ၊ ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် အောက်တိုဘာ ၆ ရက်နေ့မှ စတင်၍ စစ်ဆေးပေးလျက်ရှိသည်။
ထိုသို့ စစ်ဆေးရာတွင် ယနေ့နံနက်ပိုင်း၌ မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှ မြို့နယ် ဆရာဝန်ကြီး ဒေါတ်တာအေးအေးလင်းနှင့်ဝန်ထမ်းများကမြို့နယ် ပြင်ပ သို့ သွားလာ ကြမည့်ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက် ၁၅ ဦးအား အ.ထ.က (ကံမ)တွင် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိမရှိစတင်စစ်ဆေးပေးခဲ့ရာ ရောဂါပိုးမတွေ့သဖြင့် ၁၄ ရက်သက် တမ်းရှိသော ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံစာများ ထုတ်ပေးခဲ့သည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများသည် ယနေ့မွန်းလွဲပိုင်းမှ စတင်၍ မြို့နယ် အဝင်အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ဝင်ထွက် သွားလာကြမည့် ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိကို နေ့စဉ် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)