သရက်ချောင်းမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

သရက်ချောင်း မေ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက် ကျောက်မြောင်းရပ်ကွက်နေ ပြည်သူများအား ယနေ့နံနက် ၉ နာရီအချိန်က ၅ ဂါလန်ဆံ့ ပလပ်စတစ်ပုံးများအား ရေသန့်ထည်၍ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးနည်းလမ်းများကို အသိပညာပေးခြင်းနှင့် သရုပ်ပြ၍ အသိပညာပေး နှိုးဆော်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်သဘာဝဘေးစီမံကွပ်ကဲမှု အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးနေမျိုးဆေးက ပြည်သူများအား မုန်တိုင်းကာလအတွင်း ၅ ဂါလန်ဆံ့ ပလပ်စတစ်ပုံးများအား ရေသန့်ထည်၍ မိမိတို့နေအိမ်မိသားစုရှိသလောက် စုဆောင်းထားခြင်းဖြင့် မုန်တိုင်းဘေး ကြုံလာလျှင် မိမိတို့တစ်ဦးခြင်း၏ အသက်ကိုကယ်တင်နိုင်သလို၊ ရေသန့်အတွက်ပါ ရရှိမည်ဖြစ်ကြောင်း မဖြစ်မနေကြိုတင် စုဆောင်းထားသင့်ရန်လိုအပ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မုန်တိုင်းအန္တရာယ်တွေ့ကြုံလာလျင် ပြည်သူများအနေဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန် အသိပညာပေး ပြောကြားခဲ့ခြင်းနှင့် သရုပ်ပြခြင်းများကို အရိုန်ဟုန်မြှင့်ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်ပြည်သူများအား မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)