ရှမ်းရွာသစ်မြို့တွင် Book Club အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းရွာသစ် မေ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသော "ခေါင်းဆောင်မှုအတွေး၏အရေးပါမှု" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်တစ်ဦးက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် အဖွဲ့ဝင် ဒေါ်နန်းညိုညိုသင်းက "ကျွန်ုပ်တို့သည်ကား စုစည်းအား" ခေါင်းစဉ်တွင် ပါရှိသည့် စုပေါင်းစွမ်းအား၏ တန်ခိုးကြီးမားသော အံ့အားသင့်ဖွယ် အင်အားကို ကျွန်ုပ်တို့ ပိုင်ဆိုင်ထားကြောင်း၊ ကြီးမားသော စုစည်းအင်အားသည်ကား စင်စစ်စည်းလုံးညီညွတ် မှုဖြစ်ကြောင်း၊ အဖွဲ့ဝင် ဒေါ်နော်မုနော်ဂေက "ပညာနှင့်အလင်း" ခေါင်းစဉ်တွင်ပါရှိသည့် လောကပြင်ကျယ် မိုးနှင့်မြေကြားတွင် ပညာသဘောကရှိနေကြောင်း၊ အခြေခံပညာ၊ ကောလိပ်၊ တက္ကသိုလ်များက ပညာရှိရာတွင် သက်သာလွယ်ကူစေရန် အထောက်အပံ့ ပေးကြောင်း၊ ပညာကိုချစ်ရမည်၊ ပညာကိုမြတ်နိုးရမည်၊ ပညာကို လေးစားတတ်ရမည်ဖြစ်ကြောင်း၊ စသည်ဖြင့် စာအုပ်တွင် ပါရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာ များကို အကျဉ်းချုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို တစ်လလျှင် (၂)ကြိမ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)