ကန့်ဘလူ မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကန့်ဘလူမြို့တွင် မေ ၁၄ ရက်ည ၉ နာရီခွဲခန့်က ဆုန်ကလုန်းမုန်တိုင်း “မိုခါ” မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်လေပြင်းများ တိုက်ခတ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များ၌ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျခဲ့သော သစ်ပင်သစ်ကိုင်းများအား မေ ၁၅ ရက်နံနက် ၇ နာရီခွဲခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်တားဆီးရေးကြီးကြပ်မှုကော် မတီအဖွဲ့တို့၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက ဖယ်ရှား ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ရာ အ.ထ.က(၁)ကန့်ဘလူ ကျောင်းအနောက်ဘက်၊ မြို့နယ်သမဝါယမဦးစီးဌာနရုံး အရှေ့ဘက်တွင် ကျိုးကျနေသော သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်း၊ အမှတ် (၃) ရပ်ကွက် ခရိုင်စုပေါင်းရုံးတောင်ဘက်၊ ရေတမာဆိုင်၏အရှေ့ဘက်တွင် ပဲ့ကျနေသောသစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုများမရှိကြောင်း သိရသည်။
ထို့ပြင် အ.ထ.က (၁) ကန့်ဘလူကျောင်း မူလတန်းကျောင်းဆောင်တောင်ဘက် (တပင်ရွှေထီးလမ်းမြောက်ဘက်) ရှိ အုတ်တံတိုင်းပေ ၂၀ ခန့်ပြိုလဲမှုဖြစ်ပွားခဲ့ပြီး ကျေးရွာများတွင်လည်း ထိခိုက်ပျက်စီးမှုများရှိမရှိတို့ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ဆက်သွယ်စုံစမ်းမေးမြန်းလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)