ကြာအင်းဆိပ်ကြီးမြိူ့နယ်၌ သဘာဝသစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ကြဲပက်ထည့်သွင်းခြင်း ကျင်းပ

ကြာအင်းဆိပ်ကြီး မေ ၁၅

လယ်ယာမြေများတွင် မြေဆီမြေဆီလွှာများ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာပြီး သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရေးအတွက် တောင်သူအသိပညာပေးခြင်းနှင့် သဘာဝ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ကြဲပက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၂)ရပ်ကွက်၊ စိုက်ပျိူရေး လမ်းရှိ မြို့မကွင်း ကွင်းအမှတ်(၇) ဦးပိုင်(၂၁)ခ တောင်သူဦးထွန်းကြည်၏ လယ်မြေ ၅ ဧက၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ‌ တောင်သူအသိပညာပေး သဘာဝသစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ကြဲပက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက တက်ရောက်လာသည့် တောင်သူများအား လယ်ယာမြေများတွင် သီးနှံစိုက်ပျိုးရေးနှင့် ပတ်သက်၍ စိုက်ဧကပြည့်မှီရေး အထွက်နှုန်း တိုးတက်ကောင်းမွန်လာစေရေး စသည် များအား အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝေလင်းညွန့်က လယ်ယာမြေများတွင် သဘာဝသစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ကြဲပက်ထည့်သွင်း ရခြင်းဖြင့် မြေဆီမြေလွှာများ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာပြီး သီးနှံများ အထွက်နှုန်း တိုးတက်မြင့်မားကြောင်း စသည်များနှင့် ပတ်သက်၍ တောင်သူများအား အသိပညာပေး ပြောကြားသည်။

ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာများမှ တက်ရောက်လာကြသည့် တောင်သူများ တာဝန်ရှိသူများမှ ပိုက်ဆံလျှော်မျိုးစေ့ထုပ်များအား ပေးအပ်ပြီး အဆိုပါ တောင်သူ ဦးထွန်းကြည်၏ လယ်‌မြေအတွင်းသို့ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများက စုပေါင်း၍ ပိုက်ဆံလျှော်မျိုးစေ့များအား လိုက်လံကြဲပက်ထည့်သွင်း သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)