ဘိုကလေး မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း(၃/၂၃)ပထမနှစ်နှင့် (၁/၂၂)ဒုတိယနှစ်သင်တန်းအား ဖွင့်လှစ်ပို့ချ သင်ကြားလျက်ရှိရာ ယနေ့နံနက်(၉)နာရီ၌ အဆိုပါ ကောလိပ်ခန်းမ၌ (၁/၂၂) ဒုတိယနှစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီး ဖျာပုံခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ ဘိုကလေးပညာရေး ဒီဂရီကောလိပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ဘိုကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက (၂၁)ရာစုတွင် ဆရာ/မများ၏ကဏ္ဍသည် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ကဏ္ဍတစ်ခု၌ ပါဝင်ကြောင်း၊ ဆရာ/မများ အနေဖြင့် နာ(၃)နာကို အခြေခံကာ မိမိတို့၏တပည့်များ အနာဂတ် ထွန်းလင်းတောက်ပအောင် မွေးထုတ်သင်ကြားရမည်ဖြစ်ကြောင်းနှင့် မိမိတို့တာဝန်ကျရာ ဒေသများတွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသာမက ဒေသတွင်းဘက်စုံကဏ္ဍ ဖွံ့ဖြိုးတက်ရေးပါ ပါဝင်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဩဝါဒစကား မြွက်ကြားသည်။
ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်က ပညာရေးစနစ် ပြောင်းလဲမှုဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က သင်တန်းသား/သူများအား နှုတ်ဆက်ဩဝါဒနှင့် အတူ မိမိတို့ပညာရေးဒီဂရီကောလိပ်၌ အစဉ်ဖွင့်လှစ်သင်ကြားခဲ့သော သင်တန်းများ အောင်မြင်စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူများအား အထူးကျေးဇူးတင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း(၃/၂၃)ပထမနှစ် တက်ရောက်နေသော သင်တန်းသား/သူများမှ ကောလိပ်အတွက် ကော်ဇောခင်း လှူဒါန်းရာ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး ဒေးဒရဲမြို့နယ်မှ သင်တန်းသား ဦးစိုးပိုင်မှ သင်တန်းသား/သူများအားလုံးကိုယ်စား သင်တန်းတက်ရောက်ရခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ယခုဖွင့်လှစ်သင်ကြားသည့် သင်တန်းသို့ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊ မြောင်းမြ၊ လေးမျက်နှာ၊ ပန်းတနော်၊ မော်ကျွန်း၊ ဓနုဖြူ၊ မြန်အောင်၊ မအူပင်၊ လပွတ္တာ၊ ညောင်တုန်း၊ ဟင်္သာတ၊ဇလွန်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်များမှ ပညာရေးဘွဲ့ စာပေးစာယူ ဒုတိယနှစ် သင်တန်းအမှတ်စဉ်(၁/၂၂)သို့ သင်တန်းသား/သူ(၃၃၉)ဦး၊ (၃/၂၃)ပထမနှစ်သို့ သင်တန်းသား/သူ (၃၄၉)ဦး၊ စုစုပေါင်း(၆၈၈)ဦး တက်ရောက်ကြပြီး သင်တန်းအား ဧပြီ (၂၀) မှ စတင်ဖွင့်လှစ်ရာ မေ(၂၆)အထိတက်ရောက်ရမည်ဖြစ်ကြောင်းသိရသည်။
မိုးစက်(ဘိုကလေး)