မြိတ် မေ ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေဘေးအန္တရာယ် အသက်ကယ်နည်းလမ်းများကို ပြည်သူလူထုများအား ပညာပေး ဟောပြောသရုပ်ပြခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်းကို ယနေ့နံနက်ပိုင်းက မြိတ်တောင် ကျေးရွာရှိ အောင်မင်္ဂလာ၊ ရွှေပြည်တန်နှင့် အင်းလေးကမ်းရပ် တို့တွင် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့နှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးရာတွင် ရေဘေးအန္တရာယ် အသက်ကယ်နည်းလမ်းများဖြစ်သည့် (၅)ဂါလံဆံ့ ပလပ်စတစ် ပုံးသည် သောက်ရေသန့်များ ကြိုတင်ဖြည့်တင်း စုဆောင်းထားနိုင်သကဲ့သို့ ဘေးအန္တရာယ်ဖြစ်ပွားချိန်၌ ပလပ်စတစ်ပုံးအားပိုက်လျက် ကူးခတ်နိုင်ခြင်း၊ (၁)လီတာရေသန့်ဘူး အလွတ်(၁၀)ဘူးကို ကြိုးဖြင့်ခိုင်ခံ့စွာချည်ပြီး ရင်ဘတ်နှင့်ကျောကို သေချာစွာချည်နှောင်၍ အသက်ကယ်အင်္ကျီသဖွယ် အသုံးပြုနိုင်ခြင်း၊ ရေသန့်ဘူး(၈)ဘူး အား အကျီအတွင်းထည့်၍ ခါးမှ ကြိုး ဖြင့်ချည်ကာ အသက်ကယ်အင်္ကျီကဲ့သို့ အသုံးပြုနိုင်ခြင်းများအား ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးစန်းဦးက ပညာပေးဟောပြော၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက လက်တွေ့ သရုပ်ပြခဲ့ ကြပြီး ပြည်သူလူထုများအား လက်တွေ့ဆောင်ရွက်စေခဲ့သည်။
ပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ငွေစိုး၊ ဦးသောင်းအေး၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူလူထုများအား အသိပညာပေး ဟောပြော ဆွေးနွေး သရုပ်ပြ၍ လက်တွေ့ ဆောင်ရွက်စေခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)