ပဲခူး မေ ၁၅
ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် Grade-12 သင်ရိုးသစ်အား ကျောင်းဖွင့်ရာသီအမီ အရည်အသွေးပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတက္ကသိုလ်က ပါမောက္ခချုပ်ဒေါက်တာအေးအေးခိုင်က Grade 12 သင်ရိုးသစ် ဆင့်ပွားသင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းသို့ တက်ရောက်သည့် ဆရာ/ဆရာမများအတွက် ငွေကျပ်သိန်း(၅၀)အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများမှ အထက်တန်းပြဆရာ/ ဆရာမ စုစုပေါင်း(၄၅၆၇)ဦးအား ပဲခူးတက္ကသိုလ်တွင်(၁၄၅၁)ဦး၊ တောင်ငူတက္ကသိုလ်တွင် (၁၁၁၂)ဦးနှင့် ပြည်တက္ကသိုလ်တွင် (၂၀၀၄)ဦးတို့အား (၃)နေရာခွဲ၍ မေလ(၁၅)ရက်နေ့မှ မေလ(၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)