မြောင်းမြ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ ကျေးရွာများတွင် ယမန်နေ့ညနေ ၄:၃၀ အချိန်က လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်၊ ကြက်ခြံနှင့် စာသင်ကျောင်းပြိုကျ ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးမှုများတွင် ကညင်ကုန်းကျေးရွာအုပ်စုတွင် ဓနိမိုး ဓနိကာ ဝါးတိုင် ဝါးခင်း အိမ်တစ်လုံးပြိုကျပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် သုံးသိန်းခန့်၊ ကံကော်စုကျေးရွာ၊ ဓနိမိုး ဓနိကာ ဝါးတိုင် ဝါးခင်းကြက်ခြံတစ်ခြံ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ခုနှစ်သိန်းခန့်၊ မွေတော်စုကျေးရွာအုပ်စု၊ ကညင်ကွင်းတွင် အ.မ.က(ကညင်ကွင်း)ကျောင်းရှိ KG ဆောင် ဓနိမိုး၊ ဓနိကာ ဝါးတိုင် ဝါးခင်းပြိုကျပျက်စီးရာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး သုံးသိန်းခန့်၊ ကံကွင်းကျေးရွာအုပ်စု၊ ဓနိဖိုကျေးရွာရှိ အ.မ.က(ဓနိဖို) KG စာသင်ဆောင် ဓနိမိုး ဓနိကာ သစ်တိုင် ကွန်ကရစ်ခင်းပြိုကျပျက်စီးရာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးသုံးသိန်းခန့်ရှိကြောင်း သိရသည်။
လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာများရှိ ပျက်စီးသွားသော နေအိမ်များ၊ စာသင်ဆောင်များကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များက ဝိုင်းဝန်းရှင်းလင်းပြီး နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စုများအား နီးစပ်ရာဆွေမျိုးအိမ်များတွင် လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း ယာယီပြောင်းရွေ့ထားကြောင်း သိရသည်။ လေပြင်းတိုက်ခိုက်၍ နေအိမ်နှင့်ကျောင်းဆောင်များ ပြိုကျပျက်စီးမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)