လွိုင်ကော် မေ ၁၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 ၊ Grade-12(သင်ရိုးသစ်) ဆင့်ပွားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့ ၊ ပြည်နယ်ပညာရေးမှူးရုံး ၊ ပညာ့ဗိမ္မာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကိုရေးဆွဲခဲ့ပြီး ပညာရေးမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ဘက်စုံပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများသည် အနာဂါတ်မျိုးဆက်သစ် လူငယ်များအား စဉ်ဆက်မပြတ်မွေးထုတ်နိုင်ရေးနှင့် နိုင်ငံ့သားကောင်းများဖြစ်စေရေးအတွက် အတတ်ပညာ၊ အသိပညာများသာမက နိုင်ငံသားကျင့်ဝတ်နှင့် လူမှုကျင့်ဝတ်များကို သင်ကြားပေးနိုင်ရေးအတွက် မိမိကိုယ်တိုင်က အရည်အသွေး ပြည့်ဝနေရမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များပူးပေါင်းပြီး ဘက်စုံလွှမ်းခြုံသည့် ပညာရေးကဏ္ဍ လေ့လာဆန်းစစ်မှုများအရ ပြုစုရေးဆွဲထားသော အခြေခံပညာသင်ရိုးညွှန်းတန်း(သင်ရိုးသစ်)သည် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပြများနှင့် သင်တန်းသား ၊ သင်တန်းသူများ အတွက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါ Grade-9(သင်ရိုးသစ်) ဆင့်ပွားသင်တန်းကို မေလ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့ထိ လည်းကောင်း ၊ Grade-12(သင်ရိုးသစ်)ဆင့်ပွားသင်တန်းကို မေလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့ထိ လည်းကောင်း သင်တန်းနည်းပြ ဆရာ ၊ ဆရာမ (၄၆)ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချ သွားမည်ဖြစ်ပြီး ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၆၃၄)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)