ပခုက္ကူမြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ကွန်ကရစ်မီးတိုင်များနှင့် ဓာတ်အားလိုင်းတာဝါတိုင် ကျိုးကျမှု ဖြစ်ပွား

ပခုက္ကူ မေ ၁၅

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)လေတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများကျကာ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် ကွန်ကရစ်မီးတိုင် ငါးတိုင်နှင့် မြစ်ခြေမြို့အနီးရှိ 132kv ကျွန်းချောင်း-ဗုဒ္ဓကုန်းဓာတ်အားလိုင်းတာဝါတိုင် တစ်တိုင် ယမန်နေ့ ညနေပိုင်းက ကျိုးကျမှုဖြစ်ပွားခဲ့သည်။

ယမန်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများကျဆင်းပြီး ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ လမ်းမတော်နှင့် ဈေးကြားရှိ ကွန်ကရစ်မီးတိုင် နှစ်တိုင်၊ ပြည့်အိုင်ကျေးရွာနှင့် ရေမျက်ကျေးရွာကြားရှိ ကွန်ကရစ်မီးတိုင်သုံးတိုင် ကျိုးကျခဲ့ကြောင်း၊ ကမ္မမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ သိရသည်။

အလားတူ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှ သုံးမိုင်ခွဲခန့်အကွာ 132kv ကျွန်းချောင်း-ဗုဒ္ဓကုန်းဓာတ်အားလိုင်း တာဝါတိုင် တစ်တိုင်သည် ထန်းတောခြောက်ချောင်း ရေကြီးသဖြင့် ကျိုးကျနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်အားလိုင်းကျိုးကျမှုတို့ကြောင့် ပခုက္ကူ၊ ရေစကြိုနှင့် ယမန်နေ့ ညနေ ၆ နာရီ အချိန်ခန့်မှ စတင်ပြီး လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)