ဒေးဒရဲ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယမန်နေ့ညပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် စာသင်ဆောင်များ အမိုးလန်ခြင်းနှင့် လူနေအိမ်များပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မငေးကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ အလျား(၆၀)ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၃၀) စာသင်ဆောင် မျက်နှာကျက်များ ပြိုကျပျက်စီးခြင်း၊ အလျား(၁၂၈)ပေ၊ အနံ(၃၀)၊ အမြင့် (၂၄) ပေရှိ စာသင်ဆောင်နှင့် အလျား(၈) ပေ၊ အနံ(၄)ပေ၊ အမြင့် (၈)ပေရှိ သန့်စင်ခန်း အမိုးလန်ပျက်စီးခြင်း၊ ကျုံကနန်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)ရှိ အလျား (၁၈၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၂၄)ပေရှိ စာသင်ဆောင် အမိုးလန်ပျက်စီးခြင်း၊ သုံးဒါတ်ကျေးရွာအုပ်စု၊ ကွင်းပုန်းကျေးရွာ မူလတန်းကျောင်းရှိ အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၄)ပေ စာသင်ဆောင် အမိုးလန်ခြင်း၊ ထောင်မှူးချောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)ရှိ အလျား (၆၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၂၄)ပေရှိ စာသင်ဆောင် အမိုးလန်ပျက်စီးခြင်း၊ လေးအိမ်တန်းကျေးရွာအုပ်စုရှိ ဒေါ်ထားရင်နှင့် စိန်လေးကုန်းကျေးရွာရှိ ဦးအောင်သန်းဦးတို့၏ ဓနိမိုး၊ ပျဥ်ကာ နေအိမ်နှစ်လုံး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ နေအိမ်ပြိုကျပျက်စီးသူများက ဘေးလွှတ်ရာ နေရာများတွင် ပြောင်းရွှေ့ခိုလှုံနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း