မင်းတုန်း အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရန် ဒုတိယအကြိမ် (နောက်ဆုံး)မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ ၁ရက်နေ့က ရပ်ကွက်၊ ကျေးရွာများတွင် ကပ်ထား ကြေညာထားမှု အခြေအနေများအား ယမန်နေ့ နံနက် ၈ နာရီက မဲဇလီကျေးရွာအုပ်စု၊ စပါးတန်းကျေးရွာ အုပ်စုနှင့် ကြပ်ဝကျေးရွာအုပ်စုများသို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးကြည်နှင့် အဖွဲ့ဝင် ဦးမြင့်ရွှေတို့က ကွင်းဆင်း စစ်ဆေးခဲ့ကြ သည်။
ထိုသို့စစ်ဆေးရာတွင် မဲစာရင်းကို ပြည်သူများ လာရောက်ကြည်ရှုမှု အခြေအနေများ စစ်ဆေးခဲ့ကြပြီး ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ၍ ပြည်သူများမဲစာရင်း လာရောက်ကြည့်ရှုစေရေး နှိုးဆော်ရန်နှင့် မဲဆန္ဒရှင်စာရင်း အတိုး အလျော့ရှိပါက သတ်မှတ်ပုံစံများဖြင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲမှတဆင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ လျှောက်ထားရန် ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
ချင်းကလေး(NRDC)