ကျိုက်လတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် အမိုးလန် ပျက်စီးခြင်းများဖြစ်ပွား

ကျိုက်လတ် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏အရှိန်ကြောင့် မေလ (၁၄) ရက်နေ့ နေ့လယ်ပိုင်းတွင် ရုတ်တရက် လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ အမက (ပရိုက်ကြံခင်း) တွင် စာသင်ဆောင် (၁) ဆောင် အမိုးလန်ခြင်း နှင့် သန့်စင်ခန်းနှစ်ခန်းတွဲသစ်ပင်ပိ၍ အမိုးပျက်စီးခဲ့ပြီး အမက(တာပြတ်)တွင် သန့်စင်ခန်းသုံးခန်းတွဲ အမိုးလန်ခြင်း၊ အ.ထ.က(အိမ်ယာကြီး) တွင် သိပ္ပံဆောင်အမိုးလန်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးချောင်းကျေးရွာအုပ်စု၊ ဘုရားလေးစု၊ ကုက္ကိုစုကျေးရွာ၊ ဝဲဘက်ကျေးရွာ၊ ညောင်ပင်စုကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့် ကွင်းထဲတွင် စိုက်ပျိုးထားသော ဖောင်ရိုးချောင်း အုပ်ချုပ်ရေးမှူး (ဟောင်း) ဦးလင်းထိန်ပိုင်ငှက်ပျောပင် အပင်(၈၀၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ ထို့အပြင် ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံး/နေအိမ်နှင့် ရွှေဧရာအောင်အားကစားခန်းမတို့တွင်လည်း ယနေ့နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်မှုများကြောင့် အမိုးလန်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဥ်များနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်ပျက်စီးဆုံးရှုံးမှုမရှိကြောင်းသိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ် (ပြန်/ဆက်)