စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၌ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာ ရာတွင် မဲဆန္ဒရှင်စာရင်းပေါင်း (၁၂၀၀၁၇)ဦး ရှိ

ကသာ   အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေး ကောက်ပွဲ အတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်စာရင်းပေါင်း (၁၂၀၀၁၇)ဦး ရှိကြောင်း ကသာမြို့နယ်ရွေးကောက်ပွဲ ကော်မ ရှင် အဖွဲ့ခွဲမှ သိရသည်။

“ကသာမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာမှာ မဲဆန္ဒရှင် စာရင်းပေါင်း (၁၂၀၁၉၀)ဦး ရှိပြီး ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်စာရင်းပေါင်း(၁၂၀၀၁၇)ဦးရှိတဲ့အတွက် ဒုတိယ အကြိမ်ကပ်ထားကြေညာတဲ့အခါမှာ မဲဆန္ဒရှင် စာရင်းပေါင်း(၁၇၃)ဦး လျှော့နည်း သွားတယ်”လို့ ကသာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးစိုင်း သန်းနိုင်ထံမှ သိရသည်။

ကသာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအ ထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်/ကျေး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးသင်တန်းများကို ဆက်လက် ပို့ချပေးသွားမည် ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထား ရှိမှုအခြေအနေများကိုလည်း တာဝန်ရှိသူများက သွားရောက်စစ်ဆေးလျက်ရှိပြီး လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲအောင်(ကသာ)