တန့်ဆည် အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေး လုပ်ငန်းကော်မတီသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့က ထောက်ပံ့ပေးအပ်သည့် ကျန်းမာရေးသုံးပစ္စည်းများပေးအပ်ခြင်းနှင့် လုပ်ငန်း ကော်မတီ အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁၁ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်း က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ ရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ရန်ပုံငွေရရှိမှု၊ သုံးစွဲမှု အခြေအနေများကို ရှင်းလင်းပြော ကြားပြီးနောက် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် PPE ဝတ်စုံ(၅၀)စုံ၊ Mask (၅၀၀၀)ခု၊ Mask-95 (၁၅)ခု၊ Face Shield (၅၀)ခု၊ မျက်မှန်(၅၀)ခု၊ လက်အိတ်(၅၀)စုံတို့အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းတို့က မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်ဇော်မိုး ထံ ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
ထို့နောက် တန့်ဆည်မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ထိန်းချုပ်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ထိရောက်အောင်မြင်မှုရှိစေရေး ဆောင်ရွက်သင့်သည့် အချက်များအား တက်ရောက်လာကြသည့် ကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)