တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လပွတ္တာမြို့နယ်အတွင်းရှိ မုန်တိုင်းဘေးရှောင် ပြည်သူများအားသွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ပစ္စည်းများ ထောက်ပံပေးအပ်

လပွတ္တာ မေ ၁၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်သည်ယမန်နေ့ ညနေပိုင်းတွင်ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ ကျေးရွာအသီးသီးမှ ရောက်ရှိနေသော မုန်တိုင်းဘေးရှောင် ပြည်သူများအား လပွတ္တာမြို့အမှတ်(၇) ရပ်ကွက်ရှိ သရက်တောကျောင်းတိုက်ဝန်းအတွင်း၌ တွေ့ဆုံ၍ရင်းနှီးနွေးထွေးစွာ အားပေးစကားပြော ကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝန်ကြီးသည်မုန်တိုင်းဘေးရှောင် ပြည်သူများအတွက် ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများကို သရက်တောပရိယတ္တိ စာသင်တိုက်ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တသုစိတ္တထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ အမှတ် (၅)ရပ်ကွက်ရှိ လေးထပ် ပရိယတ္တိစာသင်တိုက်တွင် ရောက်ရှိခိုလှုံနေကြသော မုန်တိုင်းရှောင်ပြည်သူများ အားတွေ့ဆုံ၍ အခက်အခဲများအား မေးမြန်းကာအားပေးစကားပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ဆားကျင်းကျေးရွာအုပ်စု၊ ဆားကျင်းချောင်းအတွင်းမုန်တိုင်းရှောင်ရန် ရပ်နားဆိုက်ကပ်ထားသည့် ရေယာဥ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်