လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လှိုင်းဘွဲ၊  အောက်တိုဘာ  ၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က မူးယစ်ဆေးဝါး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးဌေးဝင်းက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်ရွက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ပြန်လည်ထူထောင်ရေး/စောင့်ရှောက်ရေး လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မစခန်းမှူး ဒုရဲမှူး အောင်ကျော်မိုးက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပြဌာန်းချက်များ၊ မူးယစ်ဆေးဝါး ရောင်း/ဝယ် သူများအား အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေများ၊ ပြစ်မှု၊ပြစ်ဒဏ်များနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)