ဟင်္သာတ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့နံနက် ၆ နာရီခန့်တွင် တလုတ္ထော်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အ.မ.က အညာတန်းကျောင်းရှေ့ဟင်္သာတ-မြို့ကွင်း ကားလမ်းမပေါ်သို့ ကျွန်းပင်အမှတ်(၁၃၁၂)နှင့်(၁၃၁၃) ၂ ပင်၊ ကားလမ်းမပေါ်သို့ လဲကျသဖြင့် မြို့အုပ်ချုပ်ရေးအဖွဲ့ အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ ရပ်ကွက်သားများဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရှိသည်။
ထို့အပြင် နံနက် ၇း၄၅ အချိန်ခန့်တွင် သရက်အုပ်ကျေးရွာအုပ်စု၊ သရက်အုပ်ကြီး ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဒေါ်အေးအေးပိုင်၏ သစ်အိမ် ၊သွပ်မိုး၊ ထရံကာ ၊ပျဥ်ခင်း (၃)ပင် ၊နေအိမ်၏အိမ်အရှေ့သွပ် ၁၀ ချပ်နှင့်မီးဖိုချောင်သွပ် ၁၀ ချပ်တို့အမိုးလန်ခြင်း၊ ဦးဝင်းနိင်၏ သဝါးအိမ်၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း ၃ ပင်မီးဖိုချောင်သွပ် ၄ ချပ်တို့ အမိုးလန်ခဲ့ခြင်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဥ်ကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ၎င်းတို့၏ နေအိမ်တွင်ဆက်လက်နေထိုင်လျက်ရှိကြောင်းသိရသည်။
ယခုဖြစ်ပေါ်နေသော မိုခါမုန်တိုင်း၏အရှိန်ကြောင့် ယနေ့နံနက်တွင် ဟင်္သာတမြို့၏ မိုးရေချိန်မှာ ၁.၄၉ လက်မရှိပြီး လက်ရှိလေတိုက်နှုန်း ၁၁ မိုင်ရှိပြီး မိုးမရွာကြောင်း မြို့နယ်မိုးလေဝသဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)