ဟားခါး မေ ၁၄
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တာဝန်ရှိသူများ ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မိုခါ (MOCHA) မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း၊ ပြန်လည်ထူထောင်ခြင်း ဆိုင်ရာလုပ်ငန်းတာဝန်များ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကယ်ဆယ်ရေးနှင့်အထောက်အကူပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မီးသတ်တပ်ဖွဲ့ရုံးသို့သွားရောက်ပြီး မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများ(Volunteer) ပါဝင်သည့် ကယ်ဆယ်ရှာဖွေရေးနှင့်ထောက်ပံ့ရေးပူးပေါင်းရေးအဖွဲ့၏ ဇာတ်တိုက်လေ့ကျင့်မှုများကို ကြည့်ရှုစစ်ဆေးပြီး ရှာဖွေကယ်ဆယ်ရေးအတွက် အသုံးပြုမည့်ရှာဖွေရေးကိရိယာများ ခင်းကျင်းပြသနေမှုကို ကြည့်ရှုစစ်ဆေးကာ သဘာဝဘေးဖြစ်ပွားလာပါက ကယ်ဆယ်ရှာဖွေရေးနှင့်ထောက်ပံ့ရေးအဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်တို့က အားပေးစကား ပြောကြားသည်။
ဆက်လက်၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးမှုနှင့်မြေပြိုမှုများ ဖြစ်ပွားနိုင်သဖြင့် မြေပြိုမှုများဖြစ်ပွားနိုင်သည့်နေရာများတွင် နေထိုင်ကြသော ပြည်သူများအား ယာယီခိုလုံရန် သတ်မှတ်ထားသည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ပြီး ယာယီပြောင်းရွှေ့နေကြသည့် ပြည်သူများအတွက် နေရာထိုင်ခင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိစသည့် အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုး တစ်ပတ်စာ ကြိုတင်ထုတ်ပေးထားရှိမှုအခြေအနေ၊ ရေ၊ မီးနှင့်အခြားအရေးပေါ်သုံးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယာယီပြောင်းရွှေ့နေထိုင်သူများနှင့် အဆိုပါနေရာများတွင် တာဝန်ကျဝန်ထမ်းများကို အားပေးစကားပြောကြားပြီး ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်မည့်အချက်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )