အမာ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ မြို့အတွင်း သဘာဝဘေးကျရောက်လာပါက အချိန်မီကူညီကယ်ဆယ်နိုင်ရေးနှင့် ပျက်ဆီးဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ လူအင်အား၊ ယာဉ်အင်အားတို့ အပါအဝင်ကယ်ဆယ်ရေးပစ္စည်းများဖြင့် အသင့်စုဖွဲ့ထားရှိပြီး ဇာတ်တိုက် လေ့ကျင့်ခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီခွဲအချိန်က အမာမြို့၊ မီးသတ်ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသင့်စုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းဦးဆောင်၍ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမာမြို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးရန်နိုင်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်အဖွဲ့ဝင်များ၊ တန်ဖိုးရှိသောတွဲလက်များ ပရဟိတအဖွဲ့ဝင်များမှစုပေါင်း၍ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသင့်စုဖွဲ့၍ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ရာတွင် မီးငြိမ်းသတ်ယာဉ်(၁)စီး၊ အသက် ကယ်ဘောကွင်း၊ ရှာဖွေကယ်ဆယ်ရေးဝတ်စုံ၊ ဆေးသေတ္တာတို့အပါအဝင် ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လူနာတင်ယာဉ်(၁)စီး စသည် ဖြင့် စုဖွဲ့ထားရှိပြီး သဘာဝဘေးကျရောက်ပါက အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်သွားမည် ဖြစ်ကြောင်းနှင့် ယခုလက်ရှိတွင်လည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအား ပြည်သူများ အချိန်နှင့် တပြေးညီသိရှိနိုင်ရေး နေ့စဉ်၊ ညစဉ် အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်အောင် (အမာ ပြန်/ဆက်)