ရှမ်းရွာသစ် အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် ပါ/မပါ သွားရောက်ကြည့်ရှုရမည့် အသိရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးကြ စေရန် ရည်ရွယ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်းကို ယမန်နေ့က ပိုးပလေကျေးရွာအုပ်စု၊ ခလော့ဒေး ကျေးရွာတွင် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများတို့က ပြည်သူများထံ လိုက်လံဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် "သင့်အမည် မဲစာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား၊ အတူတကွ မဲပေးကြပါစို့၊ မဲဆန္ဒရှင်စာရင်း သွားရောက်စစ်ဆေးရန် သင့်မှာအချိန် မရှိ/ အချိန် မလုံလောက်ဖြစ်နေပါသလား၊ အွန်လိုင်းကနေ စစ်ဆေးလိုက်ပါ၊ ဘေးကင်းလုံခြုံစွာနေပါ၊ သင်ကဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက် ဆန္ဒမဲပေးပါ၊ သတိရပါ" စသည့်အချက်များ ဖော်ပြပါရှိကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် (နောက်ဆုံး အကြိမ်) အဖြစ် ကပ်ထားကြေညာနေပြီဖြစ်၍ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးခွင့် မဆုံးရှုံးရ အောင် မဲဆန္ဒရှင်စာရင်းများကို သွားရောက်ကြည့်ရှုရန် အသိပေးသည့် အနေဖြင့် လက်ကမ်း စာစောင်များနှင့် ပိုစတာများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)