ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ထားဝယ်  မေ ၁၃

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားမြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသည့် ထားဝယ်မြို့နယ်အသင်းနှင့် သရက်ချောင်းမြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှု အားပေးရာ ထားဝယ်မြို့နယ်အသင်းက အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသက်စိုး က ပွဲစဉ်တစ်လျှောက် အကူအညီပေးသောကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဒုရဲမှူးကြီး အောင်စိုးက ဒုတိယဆုရရှိသော သရက်ချောင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုချီးမြှင့်သည်။

ဆက်လက်၍တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က ပထမဆုရရှိသော ထားဝယ်မြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုချီးမြှင့်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက ပထမဆုဆုရရှိသော ထားဝယ်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့််ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)