သာယာဝတီမြို့နယ်၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်ုတိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်

သာယာဝတီ မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသိပညာပေး ဆောင်ရွက်ရာတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မြစ်ချောင်းကမ်းအနီးတွင် နေထိုင်ကြသူများကလည်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ  ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဖြင့် သတိပြုနေထိုင်ကြရန် စသည့်များကို အသိပေးနှိုးဆော်ခဲ့​သည်။

အဆိုပါ အသိပညာပေး နှိုးဆော်မှုများကို ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ စဥ်ဆက်မပြတ် နေ့စဥ်နှိုးဆော်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)