ဟားခါး မေ ၁၃
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်−၁၉ ရောဂါသည် လူသားများနှင့် အတူယှဉ် တွဲနေရမည့် ရောဂါဖြစ်သဖြင့် မိမိတို့ဘက်က ခုခံ၊ တုံ့ပြန်နိုင်ရေးဆောင်ရွက်ရန်သာဖြစ်ပါကြောင်း၊ မည်သည့်အလုပ်မဆို စုဖွဲ့မှု၊ လူအင်အားနှင့် ဘတ်ဂျက်စသည့်အရင်းအမြစ်များ မရှိမဖြစ်လိုအပ် ပါကြောင်း၊ အဆိုပါအရင်းအမြစ်များကို အသုံးပြုရာတွင်လည်း အလေအလွှင့်မရှိဘဲ စည်းစနစ်ကျစွာ ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အသုံးပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်−၁၉ ရောဂါသည် မျက်ခြေမပြတ် စောင့်ကြည့်ရန် လိုအပ်သလို ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း လူ့အသက်ထက် အရေးကြီးတာမရှိဟု လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးနှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ မြင့်မိုရ်စိုး၊ ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် ဟားခါးပြည်သူ့ ဆေးရုံအုပ်ကြီးတို့က ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် ကိုဗစ်−၁၉ ရောဂါစစ်ဆေးတွေ့ရှိမှု၊ ကာကွယ်ဆေးထိုးနှံမှုနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ မြို့အဝင်နှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် Test Kit ဖြင့် စစ်ဆေး နိုင်ရေး ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိ/ရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများကို အကြုံပြု ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )