အထက်မင်းလှ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၉နာရီက ကန်တုပ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ရေနံမကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးရွာနေ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မုန်တိုင်း၏ အခြေအနေ အဆင့်ဆင့်၊ ဦးတည်ရွေ့လျားရာ လမ်းကြောင်းနှင့် ဖြစ်ပွားနိုင်သည့် ရာသီဥတု အခြေအနေများ၊ မုန်တိုင်းနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန် စုရပ်များ သတ်မှတ်ခြင်း၊ ရိက္ခာဆေးဝါးနှင့် အခြားအထောက်အကူပြုပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လိုက်နာဆောင်ရွက်ကြရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးစန်းအောင်က သဘာဝ ဘေးအန္တရာယ် ကြိုတက်ကာကွယ်နိုင်စေရန်အတွက် ရှောင်ရန်၊ ဆောင်ရန်များ၊ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များအား ပြည်သူများသင်ခန်းစာယူ၍ သတိပြုဆင်ခြင်နေထိုင်ရန် နည်းလမ်းများအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်နီလာဦးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)