ကျုံပျော်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကျုံပျော် မေ ၁၃

မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌  ယနေ့နံနက်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ လိုက်လံ အသိပညာပေးနှိုးဆော်ရာတွင် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်ပြိုလဲခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်၊ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ လျှော့ချနိုင်စေရန်၊ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်ရေး၊ အမိုးအကာအောက် ရောက်ရှိရေး ကြိုတင်ဆောင်ရွက်ရန်၊ ပြည်သူများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ် သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြု ရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့်  နိုင်ငံတော်အစိုးရက တရားဝင်ထုတ်ပြန်ထားသော မုန်တိုင်းသတင်းများကို အစဉ်မပြတ် ကြည့်ရှု နားထောင်ကြရန်တို့ကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ မြို့နယ်အတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူတို့၏ အသက်အိုးအိမ်များ ထိခိုက် ဆုံးရှုံးမှု လျှော့ချနိုင်ရန် အစီအမံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က  ဆောင်ရွက်ထားပြီး၊  အချိန်နှင့်တပြေးညီ လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အတွက်  မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ စနစ်တကျ စီစဉ်ထားရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)