ဖျာပုံ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံ ကပ်ပြဘုတ်နှင့်ရုံးတွင်း နံရံကပ်ပြဘုတ်များတွင် မိုးကြိုကာလတွင် မုန်တိုင်း အန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်း တိုက်ခိုက်ခြင်း များဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်သိရှိပြီး ကြိုတင်ပြင်ဆင်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင် စေရန်နှင့် ထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန် ရည်ရွယ်၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်ပြသလျက်ရှိသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာနိုင်သည့် ဒေသများတွင် ကြိုတင် ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းကျရောက်ဆဲ၊ ကျရောက်ပြီး အချိန်များတွင် လုပ်ဆောင်ရမည့် အချက်များ၊ မုန်တိုင်းအန္တရာယ် ကျရောက်ပါက ကြိုတင်သိရှိနိုင်ပြီး ပြင်ဆင်ဆောင် ရွက်နိုင်စေရန် သဘောပေါက် လွယ်စေသည့်အရောင်ဖြင့် သတိပေး စနစ်များ ပါရှိသည့် အချက်များနှင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိသည့် မုန်တိုင်း သတိပေးချက်များအား မြေစိုက်နံရံကပ်ပြဘုတ်များ တွင်ပြသထားမှုအား ပြည်သူများမှ စိတ်ပါဝင်စားစွာလာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)