ဘိုကလေး မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ခိုလှုံနိုင်ရေးအတွက် အရေးပေါ်စုရပ်အဖြစ် မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများမှ သဘာဝဘေးဒဏ်ခံ အဆောက်အဦး (Shelter) (၂၁) ခုတို့တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ စီစဉ်မှု၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ ပူးပေါင်းကူညီမှုများဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက် ရှိရာ ယခုလက်ရှိအချိန်တွင် သဘာဝဘေးခိုလှုံရာစခန်း အရေးပေါ်စုရပ် (၆) ခုတို့တွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ ပြောင်းရွှေ့ခိုလှုံနေပြီ ဖြစ်သည်။
သဘာဝဘေးခိုလှုံရာစခန်း (Shelter) (၂၁) ခုအနက် ကဒုံကျေးရွာအုပ်စုမှ သဘာဝဘေးဒဏ်ခံ အဆောက်အဦး (Shelter) တွင် သက်ကြီးရွယ်အို၊ ကလေးငယ်၊ ကိုယ်ဝန်ဆောင် စုစုပေါင်း (၂၉) ဦး၊ ဧရာကျေးရွာအုပ်စု သဘာဝဘေးဒဏ်ခံအဆောက်အဦး (Shelter) တွင် (၂၆) ဦး၊ ထော်ပိုင်ကျေးရွာအုပ်စု သဘာဝဘေးဒဏ်ခံအဆောက်အဦး (Shelter) တွင် (၂) ဦး၊ ချောင်းဗြဲကြီး ကျေးရွာအုပ်စု သဘာဝဘေးဒဏ်ခံ အဆောက်အဦး (Shelter) တွင် (၈) ဦး၊ ကျွန်းသာယာ ကျေးရွာအုပ်စု သဘာဝဘေးဒဏ်ခံ အဆောက်အဦး (Shelter) တွင် (၃) ဦး၊ သရော်ချောင်းကျေးရွာအုပ်စု သဘာဝဘေးဒဏ်ခံ အဆောက်အဦး (Shelter) တွင် (၁၂) ဦး၊ စုစုပေါင်း (၈၀) ဦး ခိုလှုံလျက်ရှိပြီး ခိုလှုံသူများ၏ နံနက်စာ၊ နေ့လည်စာနှင့် ညစာ အာဟာရအတွက် မြို့နယ်သဘာဝဘေးအန္တရာယ် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက် ကျွေးမွေးလျက်ရှိကြောင်းနှင့် သဘာဝဘေးဒဏ်ခံ အဆောက်အဦးများမှ ခိုလှုံနေကြသူများအပြင် ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စုမှ ပြည်သူ (၉၇) ဦး အနေဖြင့်လည်း သဘာဝဘေးအန္တရာယ် ရှောင်တိမ်းနိုင်ရေးအတွက် ဘိုကလေးမြို့၊ အမှတ် (၈) ရပ်ကွက်၊ ဇဗ္ဗူဒီပရတနာကျောင်း တိုက်တွင် ခိုလှုံနေကြကြောင်း သိရသည်။
မိုးစက်