ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ် အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတ များကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် လွတ်လပ်ပေါ့ပါးသော စိတ်ရှိပါစေ စာအုပ်ပါ ဘုရားစာဖတ်ရခြင်း၏ အကျိုးများ ဆောင်းပါးနှင့် အချိန်ဆိုတာ တကယ်တန်ဖိုးရှိသလား ဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူ များ အသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် မသိဘဲ ဝေဖန်ပြောဆိုခြင်းမျိုး မလုပ်သင့်ပါကြောင်းနှင့် အလုပ်ကိုလုပ်နိုင်ပါလျက် မလုပ်ဘဲအချိန် မဆွဲသင့်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

အေဇာလင်း